မြန်မာနိုင်ငံကိုလာရောက်လည်ပတ်သူတိုင်း ရွှေတိဂုံစေတီတော်သို့ အလည်တစ်ခေါက် မရောက် ခဲ့ပါလျှင် လည်ပတ်ရကျိုးမနပ်ဟု ပြောနိုင်ပေသည်။ ရွှေတိဂုံစေတီကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ကျော်ခန့်က မြတ်စွာဘုရား၏ ဆံတော်နှင့် အခြားဓါတ်တော်များကိုဌာပနာ၍ တည်ထားကိုးကွယ်တော်မူခြင်းခဲ့ဖြစ်သည်။ ကန်တော်ကြီးပန်းခြံ၏ အနောက်ဘက် အကျယ် ၁၁၄ ဧက ရှိသော သိင်္ဂုတရကုန်းတော်ပေါ်တွင် တည်ရှိပြီး ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ အထွတ်အမြတ်ထားရာ ကိုးကွယ်ရာ စေတီတစ်ဆူဖြစ်သည်။ စေတီတော်မှာ အစပိုင်းတွင် ၈.၂ မီတာအမြင့်သာရှိခဲ့ပြီး ယနေ့အချိန်အခါတွင် ၁၁၀ မီတာအမြင့်ထိ တည်ထားကိုးကွယ် တော်မူခဲ့သည်။ စေတီတော်ကိုရွှေပြားများဖြင့် ရွှေချထားပြီးအပေါ်ဆုံးပိုင်း စိန်ဖူးတော်တွင် စိန်အလုံးပေါင်း ၄၅၃၁ လုံးဖြင့် မြုှပ်သွင်းစီခြယ်ကာပူဇော်ထားသည်။ အကြီးဆုံးစိန်မှာ ၇၂ ကာရတ် အလေးချိန်ရှိသည်။ ဘာသာရေးဆိုင်ရာ အထွတ်အမြတ်ထားရာ နေရာတစ်ခုဟုဆိုလျှင်လည်း မမှားပေ။ မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှု အမွေအနှစ်များဖြစ်သော ပန်းချီ၊ ပန်းပု နှင့် ဗိသုကာပညာများ သိုမှီးထားရာ နေရာတစ်ခုလည်းဖြစ်သည်။ အရောင်အသွေးစုံလင်လှသည့် စေတီပုထိုးများ၊ဘုရားရုပ်ပွားတော်များကို ဖူးတွေ့နိုင်ပြီး လွန်ခဲ့သော နှစ်ပေါင်း၂၅၀၀ခန့်က လက်ရာမြောက်လှသည့် အနုပညာ လက်ရာများကိုလည်းပြန်လည်ဖော်ပြသည့် နေရာ တစ်ခုဖြစ်သည်။ ဘုရားဖူးဧည့်သည်များအဖို့ ဤမျှခန့်ညားထည်ဝါလှသည့် ဗိသုကာပညာ အနုပညာများကိုနားလည်ရန်၊ ဗုဒ္ဓဘာသာ၏ အထွတ်အမြတ်ဖြစ်သောစေတီတော်၏ အံ့ချီးဖွယ်အကြောင်းအရာများမှသည် မြန်မာလူမျိုးတို့၏ ဘ၀နှင့် နေထိုင်မှု ပုံစံများကို ဒေသခံ များထံမှ သိရှိရမည်ဖြစ်သည်။
ရွှေတိဂုံစေတီသည် ဘာသာရေးဆိုင်ရာနှင့် လူမှုအသင်းအဖွဲ့လိုက်လှုပ်ရှားမှုများအတွက် အချက်အချာနေရာတစ်ခုဖြစ်ပြီး အမြဲလိုလို ပန်း၊ရေချမ်း၊ဆီမီးကပ်လှူပူဇော်၍ ရေသပ္ပာယ်ရင်း ဘုရား၀တ်ပြုသူ၊တရားထိုင်သူ သံဃာတော်များ၊ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိပါသည်။ စေတီတော်ကို ဘုရားဂေါပက အဖွဲ့၀င်များကထိန်းသိမ်းစောင့်ရှောက်ထားသည်။
ခက်ခဲရှုပ်ထွေးလှသည့် ဂျီသြမေတြီ ပညာရပ်ဖြင့် တည်ဆောက်ထားသည့် ဖွဲ့စည်းပုံစံကြောင့် စေတီတော်မှာအချိုးအစားကျပြီးလွန်စွာသပ္ပါယ်လှပါသည်။ စေတီတော်မှ တဖိတ်ဖိတ်တောက်ပနေသည့် ရွှေရောင်ကလည်း မြင်သူတိုင်းကိုဖမ်းစားထားပါသည်။ စေတီ တော်၏ ဉာဏ်တော် အမြင့်မှာ ၃၂၆ ပေ (၉၉ မီတာ) ရှိပြီး ရန်ကုန်မြို့ ၏ အထက် ၁၆၈ ပေ (၅၁ မီတာ) အမြင့်တွင် တည်ရှိသည်။ စေတီတော်၏ အောက်ပိုင်းကို ရွှေပြားပေါင်း ၈၆၈၈ ချပ်ဖြင့် ရွှေချထား ပြီး အထက်ပိုင်းကို ရွှေပြား ၁၃၁၅၃ ချပ် ဖြင့်ရွှေချထားသည်။ စေတီတော်၏ အောက်ခြေ အ၀န်းမှာ ၁၄၂၀ ပေ ရှိပြီး ရင်ပြင်မှ ၃၂၆ ပေ မြင့်သည်။ စေတီတော်မှာ မြင့်မားသည့် အတွက်ထိပ်ဆုံးအပိုင်းကိုသာမန်မျက်စိဖြင့်အသေးစိပ်မမြင်ရပေ။ စေတီတော် အထက်ပိုင်းကို စိန်ပေါင်း ၅၄၄၈ လုံး၊ ပတ္တမြား ၂၃၁၇ လုံး၊ နီလာ နှင့် အခြားကျောက်မျက်ရတနာများ၊ ရွှေခေါင်းလောင်း ၁၀၆၅ လုံး၊ နှင့် ထိပ်ဆုံးတွင် တစ်လုံးတည်း ၇၆ ကာရတ်အလေးချိန်ရှိသည့်စိန် စသည့် အဖိုးတန်ရတနာများဖြင့် စီခြယ်ထားသည်။
ရွှေတိဂုံစေတီတော်၏ အထက်ပိုင်းမှ အောက်ခြေထိ ဗိသုကာဆိုင်ရာပြေပြစ်မှုများကို တွေ့နိုင်ပေသည်။
စေတီတော်ကို အပိုင်း ၃ ပိုင်းခွဲခြားထားသည်။
၁။ ရှစ်မြှောင်းသဏ္ဌာန်အောက်ခြေ၊
၂။ ခေါင်းလောင်းပုံအလယ်ခုံးပိုင်း နှင့်
၃။ ကတော့ပုံ အထက်ပိုင်းတို့ဖြစ်သည်။
၎င်းတို့၏ အမြင့်အချိုးမှာ
အောက်ခြေ ၂၂၊ အလယ် ၃၃၊ နှင့် အထက် ၅၅ ဖြစ်သည်။
ရွှေတိဂုံ စေတီတော်၏အထက်ပိုင်းကို ၄ ပိုင်းခွဲ ခြားထားသည်။
၁။ အောက်ခြေပိုင်းဖောင်းရစ် ၇ခု (စက်ဝိုင်းပုံသဏ္ဌာန် အပြင်သို့ထွက်နေသည့် အရွယ်အစားမတူညီသည့် ဖောင်းရစ် ၇ ခု)
၂။ ဒုတိယအပိုင်းတွင် နှစ်ထပ်ကြာပလ္လင် (သို့) ကြာလှန် နှင့် ကြာမှောက်
၃။ တတိယအပိုင်းတွင် ရှည်မျောမျော မျက်ရည်စက်ပုံသဏ္ဌာန် ရှိသည့် ငှက်ပျောဖူး
၄။ နောက်ဆုံးအပိုင်းမှာ စေတီတော်၏ ထိပ်ဆုံးအပိုင်းဖြစ်သည့် ထီးတော် ဖြစ်သည်။
အလယ်ပိုင်းကို
၁။ ကြေးဝန်း
၂။ ခေါင်းလောင်း
၃။ ရင်စည်း
၄။ သပိတ်မှောက်
၅။ ပန်းဆွဲ
တို့ဖြင့် ဖွဲ့စည်းထားသည်။
ရွှေတိဂုံစေတီ၏အောက်ခြေပိုင်း
အောက်ခြေပိုင်းကို ပစ္စယာ ၃ဆင့် ဖြင့်ဖွဲ့စည်းထားပြီး ၎င်း ပစ္စယာ ၃ဆင့်မှာ အထက်သို့
တဖြည်းဖြည်းပြေ၍ တက်သွားသည်။
၁။ လေးထောင့်ပုံ ဖိနပ်တော် (အမြင့် ၆.၄ မီတာ)
၂။ ရှစ်ထောင့်ပုံသဏ္ဌာန်ပစ္စယာ၏ အရပ်လေးမျက်နှာရှိ ထောင့်လေးထောင့်မှာ တစ်ဖြောင့်တည်းဖြစ်နေပြီး အခြား ထောင့်လေးထောင့်မှာ လွှသွားပုံစံဖြစ်သည်။ ၎င်းအပေါ်တွင်
၃။ ရှစ်မြှောင်း (ခေါ်) ရှစ်ထောင့်ပလ္လင်