ပွဲတော်များ

၁၂လရာသီ  ပွဲတော်များ ကျင်းပသည့်အချိန်များတွင် ရွှေတိဂုံဘုရား ရင်ပြင်တော်ပေါ်၌ ကြက်ပျံမကျ စည်ကားလှပါသည်။
ထိုအချိန်များတွင် စေတီတော်၏ ရင်ပြင်တော်နှင့် စောင်းတန်းများတွင်၌ ဘုရားဖူးသူများဖြင့် နေ့ညမပျက် တိုးမပေါက်လောက်အောင်စည်ကားလှပါသည်။
ရွှေတိဂုံစေတီတော်တွင် ၁၂ လရာသီပွဲတော်များမှ အထင်ကရကျသည့် ဘာသာရေးပွဲတော်များကို လည်းကျင်းပပါသည်။ ထို အထင်ကရ ပွဲတော်များမှာ

တပေါင်းလပြည့်နေ့ တွင်ကျရောက်သည့် တပေါင်းပွဲတော်(ဖေဖော်ဝါရီလ နှင့် မတ်လ)
မြန်မာနှစ်သစ်ကူးပွဲတော်ဖြစ်သည့် သင်္ကြန်ရေသဘင်ပွဲတော် (ဧပြီလ)
ကဆုန်လတွင် ကျရောက်သည့် ကဆုန်ညောင်ရေသွန်းပွဲတော် (ဧပြီလ နှင့် မေလ)
ဝါတွင်းအခါသမယ စတင်သည့် ဝါဆိုပွဲတော် (ဇူလိုင်လ)
ဝါတွင်းအခါသမယပြီးဆုံးသည့်အချိန်တွင်ကျင်းပသည့် သီတင်းကျွတ်မီးထွန်းပွဲတော် (အောက်တိုဘာလ)
မသိုးသင်္ကန်းရက်လုပ် ကပ်လှူသည့် တန်ဆောင်တိုင်ပွဲတော် (နို၀င်ဘာလ)

ရိုးရာရှင်ပြုပွဲရာသီ

ရှင်ပြုပွဲရာသီချိန်ရောက်လျှင် ဘုရားရင်ပြင်ပေါ်၌် ၀တ်ကောင်းစားလှများဝတ်ဆင်၍ စီတန်း ရှင်လောင်း လှည့်လည် နေကြသော မြင်ကွင်းများကို တွေ့ကြရမည်ဖြစ်သည်၊၊ မင်းညီမင်းသား အ၀တ်အစားဝတ်ဆင်ထားသော ရှင်လောင်း၏နောက်တွင် အထိန်းတော်၊ မိဘ၊ညီ အစ်ကို၊ ဆွေမျိုး၊ မိတ်ဆွေသူငယ်ချင်းများက တန်းစီလိုက်ပါပြီး အစဉ်အလာအတိုင်း ဘုရားကိုလက်ယာရစ် လှည့်လည်ပူဇော်ကြပါသည်။ ထိုနောက် ဆံချမည့်ဘုန်းကြီး ကျောင်းဆီသို့သွားကြပါသည်။

တပေါင်းပွဲ

တပေါင်းလပြည့်နေ့တွင်ကျင်းပသည့် တပေါင်းပွဲတော်သည် ရွှေတိဂုံစေတီရင်ပြင်တော်၌ ကျင်းပ သည့် ပွဲတော်များ အနက် အလွန်ထူးမြတ်လှသည့်ပွဲတော်တစ်ခုဖြစ်ပါသည်။ အကြောင်းမှာ ဥက္ကလာပမင်းကြီးနှင့် ကုန်သည်ညီနောင်တို့ မြတ်စွာဘုရားရှင်၏ဆံတော်များကို ရွှေတိဂုံစေတီ တော်တွင် ဌာပနာသည့်နေ့မှာ ထူးမြတ်လှသော တပေါင်းလပြည့်နေ့ဖြစ်ခြင်းကြောင့်ပင်ဖြစ်သည်။

သင်္ကြန်ရေသဘင်ပွဲ

နှစ်သစ်ကိုကြိုဆိုသောအထိမ်းအမှတ်ဖြင့် မြန်မာ့ရိုးရာသင်္ကြန်အတာရေသဘင်ပွဲတော်ကို မြန်မာ နိုင်ငံအန့ှံ ရေကစားမဏ္႑ပ်များတွင် အကအလှများဖြင့် တစ်ဦးနှင့်တစ်ဦး ရွှဲရွှဲစိုအောင် အတာ ရေပက်ဖျန်းလျက် နွှဲပျော်ကြပါသည်။ ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်တွင်လည်း ဗုဒ္ဓရုပ်ပွားတော် များကို အခမ်းအနားဖြင့် ရေသပ္ပာယ်ခြင်း၊ ဆရာတော် သံဃာတော်များကိုပင့်ဖိတ်၍ ဆွမ်း၊ ခဲဖွယ်၊ဘောဇဉ်များ ဆက်ကပ်ခြင်းတို့ဖြင့် ကုသိုလ်ယူကြပါသည်၊၊

ကဆုန်ညောင်ရေသွန်းပွဲ

ကဆုန်လပြည့် ဗုဒ္ဓနေ့တွင်် များစွာသောဗုဒ္ဓဘာသာ၀င်များသည် ရွှေတိဂုံစေတီတော်သ့ိုလာရောက် ဖူးမြော်ကြပြီး  စေတီတော်ရင်ပြင်တွင်ရှိသည့် မိမိတို့အထွတ်အမြတ်ထားရာ မဟာဗောဓိ ညောင်ပင်ကို ရေသွန်းလောင်းပြီး ကုသိုလ်ယူကြပါသည်၊၊ ဘာသာရေးအဖွဲ့အစည်းများကလည်း ကဆုန် ညောင်ရေသွန်းပွဲကို ခမ်းခမ်းနားနား ကျင်းပပြုလုပ်ကြပါသည်၊၊ ဘုရားအလောင်း သိဒ္ဓတၳမင်းသား ဖွားတော်မူသောနေ့၊ ဘုရားအဖြစ်သို့ ရောက်တော်မူသောနေ့ နှင့် ပရိနိဗ္ဗာန်စံ တော်မူသောနေ့များသည် ကဆုန်လပြည့်နေ့တွင်ကျရောက် သောကြောင့် နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ်အခမ်းအနားများ ပြုလုပ်ကြပါသည်၊၊

ဝါဆိုပွဲတော်

ဝါဆိုလသည် ဗုဒ္ဓဘာသာ၀င်တို့အတွက် ဝါတွင်းကာလအစဖြစ်ပါသည်၊။ အသံမစဲ မဟာပဌာန်းများ ရွတ်ဖတ်ပူဇော်ခြင်း၊ ဝါဆိုသင်္ကန်း၊ဝါဆိုပန်းနှင့်ဝါဆိုဖယောင်းတိုင် အစရှိသောလှူဖွယ် ၀တၳုပစ္စည်း များကို မြန်မာပြည် အနှံ့တွင်ရှိသော ဘုရားစေတီပုထိုးများတွင် ကပ်လှူပူဇော်ခြင်းများပြုလုပ်ပြီး ကုသိုလ်ပြုကြသည့် လမြတ် အချိန်အခါလည်း ဖြစ်ပေသည်၊၊

သီတင်းကျွတ်မီးထွန်းပွဲတော်

မိုးလေကင်းလွတ်သည့်သီတင်းကျွတ်လအခါသမယသည် ဝါတွင်းကာလအဆုံးသတ်သော လဖြစ် ပါသည်၊၊ သီတင်းကျွတ်လပြည့်နေ့တွင်  တာ၀တိသာနတ်ပြည်မှ လူ့ပြည်သို့ နတ်ဒေ၀တာများ ခြံရံပြီး ပြန်လည် ဆင်းသက်လာသော သုံးလောကထွဋ်ထားသဗ္ဗညုဘုရားရှင်အား ဆီးမီးနံ့သာ များထွန်းညှိပူဇော်ကာ ကြိုဆိုခြင်းအထိမ်းအမှတ်ဖြင့် သီတင်းကျွတ်မီးထွန်းပွဲတော်ကို အစဉ်အလာ မပျက် ကျင်းပကြပါသည်။ ရွှေတိဂုံစေတီတွင်ကျင်းပသည့် သီတင်းကျွတ်မီးထွန်းပွဲတော်မှာ အလွန်ပင်စည်ကားလှပါသည််။ ရင်ပြင်တော်မှ စိန်ဖူးတော်အထိ မီးရောင်စုံများ ထိန်ထိန်ငြီး အောင်ပူဇော်ထားသည်မှာ မြင်ရသူအဖို့ အင်မတန်သပ္ပါယ်ကြည်ညိုဖွယ် ကောင်းလှပါသည်၊၊

တန်ဆောင်တိုင်ပွဲတော်

တန်ဆောင်တိုင်ပွဲတော်အခါသမယတွင် ရွှေတိဂုံစေတီရင်ပြင်တော်ပေါ်၌ စိတ်၀င်စားဖွယ် ပွဲတော်ပုံရိပ်များဖြင့် ပြည့်နှက်နေပါသည်၊၊ မသိုးသင်္ကန်းရက်ပြိုင်ပွဲကို အနယ်နယ်အရပ်ရပ်မှ လာရောက်ယှဉ်ပြိုင်ကြပါသည်။  ပြိုင်ပွဲစသည့် ညနေမှစ၍ သန်းခေါင်ယံအချိန်ထိ ပြိုင်ပွဲ၀င် ရက်ကန်းသမလေးများသည် အဖွဲ့လိုက် ပထဆုဆွတ်ခူးနိုင်ရေးအတွက် ရေကုန်ရေခမ်း ကြိုးစား ရက်လုပ်ယှဉ်ပြိုင်ကြပါသည်။ ပြိုင်ပွဲမှရက်လုပ်ရရှိသည့် အကောင်းဆုံး မသိုးသင်္ကန်းလေးစုံကို ပွင့်တော်မူပြီးသောဘုရားလေးဆူဖြစ်သည့် ကကုသန်၊ ကောဏာဂုံ၊ ကဿ    ပ၊ ဂေါတမ အစရှိသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်လေးဆူကို အစဉ်လိုက် လှည့်လည်ကပ်လှူကြပါသည်။

ရာသီဥတု

ယနေ့
32°C
Clouds
P
မနက်ဖြန်
31°C
Clear
A